Tuesday, August 11, 2009

လူတစ်ကိုယ် ဘယ်လောက်လို

သန်းပေါင်းခြောက်ထောင် ဤလူ့ဘောင်တွင်
အကောင်တစ်ကောင် ဖြစ်လာအောင်ဟု
မောင်မယ်သူငါ၊ နည်းဖြာဖြာဖြင့်
ဥစ္စာများစွာ၊ ရှာကြပါ၏။

သို့တစ်ပြီးကား၊ လူသူများမှာ
အမှားအမှန်၊ ဆင်ခြင်ရန်ဟု
ကြံဖန်စဉ်းစား၊ မတွေးထားပဲ
တစ်ပါးသူငါ၊ ပျက်စီးပါလည်း
ငါ့မှာများစွာ၊ ကျန်ရှိပါသည်
ငါသာကောင်းဖို့၊ ကြိုးစားစို့။

တရားမသိ၊ အမှောင်ပိပြီး
မိမိအတွက်၊ ငါ့နာဂတ်ဟု
ဆက်ကာဆက်ကာ၊ တိုးဝင်ပါသည်
ကမ္ဘာအနက်၊ အမှောင်ဖက်သို့။

ဟေမာသောင်ကမ်း၊ နိဗ္ဗာန်နန်းကို
လှမ်းဖို့မပြင်၊ လမ်းမထွင်ပဲ
အဟောင်းတွင်သာ၊ ကျင်လည်ပါသည်
ဘယ်မှာ အသစ်ဖြစ်မည်နည်း။

ဒီလိုနှင့်ပင်၊ ရာသီခွင်ပြောင်း
နှစ်တွေဟောင်း၍၊ ဇရာထောင်းကာ
ရောဂါပေါင်းစုံ၊စုကာကြုံသည်
အိပ်ယာပေါ်လဲ၊ တစ်ကိုယ်တည်း။

နောက်ဆုံးတွင်တော့၊ ဤမြေကြော့ဝယ်
ထယ်ဝါစွာဖြင့်၊ ကျန်ရှိပါသည်
ခြောက်ပေကျယ်ဝင်း၊ နေရာခင်း။

(Inspired by "How much land does a man need"? by Tolstoy.)


May 18 2009, 02:21 AM

No comments:

Post a Comment