Showing posts with label ကြိုက်မိသော ကဗျာလေးများ. Show all posts
Showing posts with label ကြိုက်မိသော ကဗျာလေးများ. Show all posts

Saturday, September 5, 2009

ရှင်မဟာသီလ၀ံသဆို သံဝေဂရတုပိုဒ်စုံ

အရညကင်၊ တောသို့ဝင်၍၊ ဓူတင်ရအောင်၊ ရွာကိုရှောင်မှ၊ လေးထောင်ထွာဖြတ်၊ အစွန်းလွတ်သား၊ ကိုင်းညွတ်ကွေးကွေး၊ ကုပ်လုပ်လေးတာ၊ ပြန်ငါးရာဖြင့်၊ သင်္ချာမှန်လှ၊ တကောသ၌၊ နေထကိန်းအောင်း၊ သင်္ခမ်းကျောင်းလည်း၊ ညောင်စောင်းဆန့်ရုံ၊ တစုံသင်္ကန်း၊ ဖန်ရည်စွန်းသား၊ ခါးပန်း, သင်းပိုင်၊ ဓမ္မကရိုင်, ပဲကွပ်၊ သပိတ်, အပ်နှင့်၊ ကိုယ်ဝတ်, ဒုကုဋ်၊ လက်သုတ်ကိုင်သွား၊ ကရား, သားရေနယ်၊ ပခုံးလွယ်၍၊ လေးဆယ်ကမ္မဋ္ဌာန်း၊ ကသိုဏ်းဝန်းလည်း၊ စီးဖြန်းထစ်ထစ်၊ ထွာလေးသစ်ဖြင့်၊ မချစ်ဖော်ရွေ၊ ကိုယ်ထည်းနေမှ၊ ဧကစာရ၊ မာန်စောင်ချလျက်၊ လောဘမစော၊ လူမနှောသည်၊ တတောထွက်လျှင်၊ တတောဝင်၍၊ တပင်ထွက်သွား၊ တပင်နားလျက်၊ ခေါင်းပါးအစာ၊ မျှရုံသာလျှင်၊ ပမာနှိုင်းတု၊ ကြက်ဥထက်မြှောက်၊ ဒေါင်းဥအောက်ဖြင့်၊ ချောက်ချောက်မများ၊ လုပ်ရေစားမှ၊ လေးငါးလုပ်လျှော့၊ ဖျော့တော့ကိုယ်လက်၊ ပစ္စ၀က်လည်း၊ နေ့ရက်အမြဲ၊ သုံးစွဲတိုင်းပင်၊ ရွတ်ဆင်ချင်မှ၊ သုတ်သင်အာပတ်၊ ပရိဝါသ်နှင့်၊ မာနတ်ဘန်သွင်း၊ မကင်းစောင့်စည်း၊ သီလဆည်း၍၊ ပုလလည်းဆင်၊ ကျင့်သောသွင်သို့၊ အောင်မြင်တမ်းခွန်၊ သာမျိုးလွန်သည်။ ။ နိဗ္ဗာန်ရွှေမြို့ ပျော်မည်ဘို့။

မယှဉ်သဘင်၊ စိတ်ကိုသင်၍၊ တောဝင်ပြီပြီ၊ ညရီနံနက်၊ ခပ် တံမြက်နှင့်၊ ကိုယ်လက်ကျန်းအောင်၊ သုံးရေဆောင်၍၊ ညောင်ဗောဓိပင်၊ စေတီပြင်ကို၊ သုတ်သင်လှည်းလျက်၊ ကျောင်းသို့တက်မှ၊ ဓမ္မစကြာ၊ မဟာသမယ၊ မင်္ဂလနှင့်၊ ရတနသုတ်၊ မေတ္တသုတ်က၊ ပေါင်းချုပ်မကွာ၊ ခန္ဓာ မောရ၊ ၀ဋ္ဋသုတ်ပါ၊ ရတနာရွှေချိုင့်၊ တံတိုင့်ပမာ၊ စောင်ရန်းကာလျက်၊ မေတ္တာပြုပြီး၊ ဆွမ်းခံနီးသော်၊ ကြယ်ကြီးနက္ခတ်၊ အခါမှတ်လျက်၊ လွယ်သွတ် သပိတ်၊ မေတ္တာစိတ်ဖြင့်၊ ပရိတ်ရွတ်သွား၊ သင့်ရာနားမှ၊ ခါးပန်းပတ်ရစ်၊ ဒူးပုဆစ်မျှ၊ ရှစ်သစ်ချ၍၊ ၀တ်ထ သင်းပိုင်၊ ထဲပြိုင်ရောရှုတ်၊ ဒုကုဋ် ထိုထက်၊ လေးသစ်တက်မှ၊ နှစ်ဘက်အစွန်း၊ အ၀န်းသပ်သပ်၊ အနားပါတ်လည်း၊ မချွတ်တာရှည်၊ မြဲအောင်ချည်၍၊ လည်လက်ကောက်ဝတ်၊ ဖုံးလွှမ်းပတ်ရစ်၊ အိတ်သွတ်ရေကျင်း၊ မကင်းလက်နှိုက်၊ သပိတ်ပိုက်လျက်၊ ငိုက်ငိုက်မျက်နှာ၊ ပြင်းစွာမသွား၊ ရွာတွင်းကြား၌၊ ရထားထမ်းပိုး၊ မျှော်ရိုးတည့်တည့်၊ လေးတောင်ကြည့်၍၊ မလှည့်အာရုံ၊ ရေလုပ်ငုံသို့၊ ခြေစုံရှေ့တွင်၊ ရပ်သည် မြင်မူ၊ ပွတ်စင်ရောင်မောင်း၊ စလောင်းလက်စွဲ၊ လှူဆဲဆဲ၌၊ လက်ဝဲလှစ်ခွါ၊ လက်ယာညွတ်ခံ၊ ၀ိနည်းကံနှင့်၊ တစံတည်းပင်၊ ယွင်းမထင်သည်။ ။ မဂ္ဂင် ကူးတို့ လှော်မည်ဘို့။

တစဉ်တပြင်၊ ဘုံသုံးခွင်၌၊ လွတ်ချင်သောကွေ၊ ကျင့်ဘူးလေသား၊ သက်သေ သော်ကား၊ ရေသော်များ၏၊ မင်းသားတေမိ၊ ဣသိဇနက်၊ တောထွက်လေဘူး၊ ဂုဏ်အထူးနှင့်၊ ကျေးဇူးများစွာ၊ သုမေဓာတို့၊ မြိုင်သာတောဖျား၊ သစ်သီးစား၍၊ လေးပါးဗြဟ္မ၊ ၀ိဟာရကို၊ ရွရွစီးဖြန်း၊ ကမ္မဋ္ဌာန်းကြောင့်၊ မစွန်းသီလ၊ ဈာန်ပျံရ၍၊ ဗြဟ္မဘုံနေ၊ ပျော်ဘူးလေ၏၊ လူ့ပြေခါသင့်၊ သစ္စာပွင့်က၊ ထိုနှင့်တကွ၊ ဈာန်မရတည့်၊ နောက်မှဝါသနာ၊ ပါစိမ့်ငှာလျှင်၊ သဒ္ဓါအလွန်၊ ရှိသင့်တန်ဟု၊ သုဿန်,ရုက္ခ၊ အရညနှင့်၊ တူကွမကွာ၊ သောသာ, နိသစ်၊ ကျိုက်လစ်ပံ့သကူ၊ ဆောင်ယူမြဲဘိ၊ တိစီဝရိက်၊ ကျင့်ဝတ်စိတ်ဖြင့်၊ သိေဿာမကွာ၊ အရိယာတို့၊ ယထာသန္တတိ၊ မရှိနှိုင်းပြိုင်၊ ပတ္တပိုင်နှင့်၊ ခရိုင်ရောရု၊ ခလုပစ္ဆာ၊ ဧကာသန၊ မလွတ်ရတည့်၊ ခံထဆွမ်းဝတ်၊ ပိဏ္ဍပတ်ဖြင့်၊ မပြတ်သမ္ပဒါန်၊ အမှန်မြဲပင်၊ ရှေးအစဉ်မူ၊ ဓူတင်အမျိုး၊ သုံးဆယ့်ကိုးနှင့်၊ ကျင့်ရိုးအမှန်၊ ဓိဋ္ဌာန်ဝိကင်၊ ရှစ်ရပ်လုံ့လ၊ ကြောင့်ကြ ဆယ်ဖြာ၊ ပစ်ခွါရှောင်ထ၊ အရိယတို့၊ ၀ံသလေးသွယ်၊ စင်ကြယ်သီလ၊ သန္တောသဟု၊ ဓမ္မကျင့်မှု၊ ဆဲ့နှစ်ခုကို။ ။ သာဓုနတ်တို့ ခေါ်မည်ဘို့။


From မေဓါဝီဘလော့ခ်

စလေဆရာကြီး ဦးပုညဆို - သံဝေဂတေးထပ်

(၁)
အဇ္ဇေ၀ သုဝေး၀၊ ခုတွေးဆပြန်လှန်။ ယနေ့လား နက်ဖြန်၊ ရက်မှန်မှန် မသိ။ အနိစ္စလက္ခဏာ၊ သန်ဘက်ခါ ဆုံးစမရှိ။ ။ လူ့အသက်ပုံပမာ၊ ပဒုမ္မာနေထိ။ ကုန်မကွာ ကြွေရိလို့၊ ဇာတိပ သန္ဓေ။ ၀ဋ်ဒုက္ခာ သံသာဝဲ၊ တနဲစီ ဖြစ်ပျက်သာပွေ။ ။ နောင်ရိက္ခာ ပါလေအောင်၊ အဋ္ဌင်္ဂေ သီလနှင့်။ တလ လေးရက်ဝယ်၊ မြဲပါတော့မယ်။ ကျန်နှစ်ဆယ့် ခြောက်ရက်ဝယ်၊ ငါးပါးကွယ် သီလနှင့်လေး။

(၂)
နေ့မြင်လို့ ညပျောက်၊ ကြောက်စရာ့ ရုပ်ကောင်။ ဤကာယ ပုပ်ဟောင်ကို၊ မဟုတ်အောင် ကြံဘူး။ မမွေ့လို့ ယနေ့ခွါမယ်၊ ပြည်ဇေယျာကမ်းသို့ ရည်စူး။ ။ သည်ဝဋ်က ကိုယ်လွတ်ရှောင်မယ်၊ ထေရ်ထွဋ်ခေါင် ထံဦး။ ဓမ္မချောင် တောင်ထူး၊ နောင်ကူးလိမ့်ပြောင်ပြောင်။ လေးတရာ ရွှေဆီမွှေးငယ်နှင့်၊ ခင်ခင်လေး ထုံးနေကြသျှောင်။ ။ မုန်းပါပေါ့ မဖုန်းခေါင်ငယ်၊ ကျော့သုံးတောင် သင်ရိတ်လို့၊ ရွှေစိတ်က အနုမြူ၊ စိုးမရွံ့သူ၊ ကြင်မမွေ့လို့ ခင်လေ့လူကို၊ သာဓုမူ ခေါ်ရစ်လို့လေး။

(၃)
ဗဟန်းချောင် ရိပ်သိင်္ဂ၊ နိဗ္ဗိန္ဒပွါးယူ။ ဆိတ်ငြိမ်စွ မှားမကူအောင်၊ တရားယူ ကျင့်သုံး။ ကိလေသ ယုတ်ဓမ္မေကို၊ သမုစ္ဆေ ကင်းဖြတ်အထုံး။ ။ စက်သြဃ ၀ဋ်နှောင်ဟာကို၊ လွတ်အောင်သာ ခွါရုန်း။ အရိယာကျင့်ထုံးဖြင့်၊ ဆင့်ဆင့်သုံး ဘာဝနာ။ ကသိုဏ်းဈာန် ဆင်မြန်း၊ တင်ကမ္မဋ္ဌာန်း ပွါးချင်တော့သာ။ ။ မရှုလစ်-လူ့ဖြစ်ဟာကို၊ ဥပေက္ခာ ပယ်ကန့်လို့။ နယ်အပြန့် ပြည်သီဝံ၊ မြန်းဖို့ စိတ်ညွှန်။ အ၀ိဇ္ဇာ့ တဏှာဝန်ကို၊ မဟာမွန် ပယ်ကြောင်းကွဲ့လေး။

(၄)
မုလေးရုံ တောမှာ၊ ဒေါနလမ်း မြေညီ။ လျှောကျစမ်းရေသင်းချီတယ်၊ ရွှေနှင်းဆီကန်ချောင်း။ လွမ်းမတတ် စကားဝါဂူမှာ၊ နံ့သာဖြူ လေးမောင့် စံကျောင်း။ ။ စပယ်ချပ် သရဖီချောင်မှာ၊ ခွါညိုတောင် ခိုအောင်း။ မွှေးနံ့သာ စုပေါင်း၊ နုညောင်စောင်းထက်မှာ။ ပဒုမ္မာကြာသင်္ကန်း၊ ခါဆင်မြန်း တော်မွေ့ပျော်ရာ။ ။ ပန်းသော်က တံတိုင်းကာတယ်၊ ဇီဇ၀ါမုတ်ခြားလို့၊ တံခါးက ချယားကြိုင်၊ သင်းတဲ့ ဂနိုင်။ ယုဇန မဟာမြိုင်မှာ၊ ကမ္ဘာတိုင် မှီးမယ်ပလေး။

(၅)
ဝတ်ကြောင်ကို လွတ်အောင်ရုန်းပါလို့၊ ထွတ်ခေါင်ဘုန်းစံရာ။ မမွေ့လို့ ယနေ့ခွါမယ်၊ မမေ့ပါတရား။ သင်္ခါရဖြစ်ပျက်ပုံကို၊ နှစ်သက်ပုံ ဝေးတဲ့စိတ်ထား။ ။ တောင်ထူးတဲ့ ချောင်ဦးသာမှာ၊ နောင်ကူးရာမမှား။ ဗြဟ္မစိုရ် ပိုပွါးလို့၊ ကိုယ်တရားကျင့်ညီ။ ဖန်လျှော်တေ ၀တ်လဲနှင့်၊ ကျွတ်ပွဲကို လှမ်းမဲ့ဝသီ။ ။ မောင်ဆင်သ-တဲ့ လှနှင်းဆီငယ်၊ စိတ်တူညီ မယ်လွှတ်ပ။ နောင်ကျွတ်ဖို့ တကိုယ်ရေ၊ မြန်းမယ်ပ-လေ။ ကမ္မဋ္ဌာန်းနှင့် မဂ်လမ်းခြွေမယ်၊ စက်ခန်းရဝေ စံရစ်ရှာတော့လေး။

(၆)
ဘော်မမှီ ဇော်ဂီလေ့၊ မျှော်ရည်၍ သိက္ခာ။ တော်ကြည်မွေ့ရိပ်သာမှာ၊ အ၀ိဇ္ဇာ မသန်း။ လိုဏ်နန္ဒ ချောင်ကေငူဝယ်၊ တောင်ဝေပူ ဆိတ်ငြိမ်တဲ့လမ်း။ ။ ပုတီးနှင့် အငြီးဖြေမယ်၊ သစ်သီးချွေဆွတ်လှမ်း။ နည်းထွေထွေ ၀ဋ်ခန်းက၊ ကျွတ်တန်းကို ရည်ရွယ်။ မှန်မသွေ ဆံခွေရစ်ပါလို့၊ ဖန်ရေသစ် လဲပါတော့မယ်။ ။ နောင်ကူးဖို့ သောင်ထူးကို ရွယ်တယ်၊ ဖောင်မှူးမယ် ဉာဏ်ဇောနှင့်၊ မှန်နှောတဲ့ သံယောဇဉ်၊ သောကမယှဉ်။ မက်လောဘ မမွေ့ချင်တယ်၊ ယနေ့ပင် မြန်းမယ်ပလေး။


From မေဓါဝီ ဘလော့ခ်

အချုပ်တန်းဆရာဖေဆို သံဝေဂတေးထပ်

(၁)
ထုံးရွှေရောင် နှောင်မကြော့ချင်ဘူ့း၊ တောင်တမော့ ဗွေစွန်။ မျှောင်ကတော့ ဟေ၀န်မှာ၊ မြေသလွန် စက်ကိန်း။ ကျင့်ခြိုးခြံ ဖြေဖျော်တယ်၊ နေရာတော် တောသစ်ရွက်စိမ်း။ ။ ပင်စကားဝါ့ ရိပ်သာမှာ၊ အ၀ိဇ္ဇာဖျောက်သိမ်း။ တသိက္ခာ စောင့်ထိန်းလို့၊ တယောက်ငြိမ်းကြံစည်။ ကမ္မ၀ါ ရွှေစာထမ်းပါလို့၊ ခေမာလမ်း ကူးလိုက်ပါတော့မည်။ ။ ဆွတ်လှမ်းလို့ ကျွတ်တမ်းကိုရည်တယ်။ ၀တ်ပန်းထည် ဆင်သစ်နှင့်။ ကြင်ချစ်သူ ဖော်မခေါ်၊ မြန်းချင်ပေါ့နော်။ မေတ္တာသွန်းတဲ့ ငယ်ကျွန်းဖော်ငယ်၊ အလွန်းတော် ပြေရစ်ရှာတော့လေး။

(၂)
လောကဓံ ပြည်ဓလေ့ကို၊ သည်ယနေ့သိမ်းမည်။ ကြည်မမွေ့ကိန်းနယ်ကို၊ ငြိမ်းလွယ်အောင် ကြံပေါ့။ သူတော်မြတ် ခန္တီဝါလို၊ စံမှီရာ ယွန်းစို့ အသော့။ ။ သင်္ခါရဖြစ်ပျက် မှောင်ကို၊ နှစ်သက်ပေါင် တန်တော့။ သစ်နက်ရောင် ဖန်ဝါပျော့နှင့်၊ ကန္တာကြော့ ရိပ်လယ်။ ခင်လေးမောင် စေနာထူးပါလို့၊ ခေမာကူး ကြည်လိုက်ပါတော့မယ်။ ။ သိုဝှက်လို့ ကိုယ်တွက်ရွယ်တယ်၊ ဖိုလ်မဂ်ကွယ် ရည်စူးလို့။ ကြည်နူးတဲ့ ဘာဝနာ၊ ပွါးချင်တော့သာ။ ၀ဋ်ကိန်းက လွတ်ငြိမ်းခွါတယ်၊ ဒွတ္တိံသာ မြဲချင်ပေါ့လေး။

(၃)
နန်းသပြေပင်ညွန့်နှင့်၊ စမ်းရေကွန့်ရိပ်ပြန်။ ပန်းဟေ၀န့် ဗိမာန်၊ အဓိဋ္ဌာန် တင်မြန်း။ ပင်လုံးကျွတ် ပွင့်ဝေဖြာတယ်၊ ဧကစာသုံးတဲ့ သင်္ခမ်း။ ။ မြတ်နွယ်ညွန့် တည်မရာမှာ၊ လှည့်လက်ျာ ခွေမြန်း။ စည့်မျက်နှာ မြေကြငှန်း ငယ်သို့၊ ချွေမြန်းလို့ စိတ်သာ။ တင်စလွယ် ဆင်ခြယ်သ၊ အဋ္ဌင်္ဂ သုံးဆောက်တည်ကာ။ ။ တကိုယ်မွေ့ ဆိတ်ငြိမ်ရာဝယ်၊ နိဗ္ဗိန္ဒာ ကြည်ဇောနှင့်။ သည်တောမြိုင်ဝေပူ၊ ပန်းစုံကကြူ။ ကမ္မဋ္ဌာန်းရ အုတ်ဂူမှာ၊ ရုက္ခမူ ပျော်ဆုံးပလေး။

(၄)
နှစ်ကိုယ်တူ ကြံရာကျအောင်၊ ကန္တာရ လှမ်းမယ်။ ဖလ်ကြာကြွ နန်းလယ်မှာ၊ စံမြန်းတယ် မမွေ့။ မူခြားလို့ ဂူအားကို ရှာမယ်၊ လူပါးရာ မြန်းစို့ တမေ့။ ။ သံသာရ ရဟတ်နယ်ကို၊ ပြတ်ချင်တယ် ယနေ့။ မေပါလျှင် ချွေတာလို့ ရွေ့နိုင်ရဲ့၊ သေလာကွေ့ မြိုင်လယ်။ နိဗ္ဗူကို စိတ်တူကြွရအောင် ဘိက္ခူမ လုပ်ပါတော့ကွယ်။ ။ ပုတီးနှင့် ခရီးလယ်မှာ၊ ပြီးစလွယ် ဟန်သိမ်းလို့။ ဖန်ပိန်းကြော့ နံ့သာနီလွင်၊ လဲစို့ ခင်ခင်။ ခိုင်တကြော့ နဂိုရ်ယဉ်ငယ်၊ မငြိုငြင် စမ်းပါနှင့်လေး။

(၅)
နှစ်ကိုယ်တူ ဆံချလို့၊ ကြံကြစို့ သက်လယ်။ သံသာရစက်နယ်ကို၊ ထွက်လွယ်အောင် ရည်စူး။ ချစ်တဲ့ဘေ စိတ်တူညီလျှင်၊ ဘိက္ခူနီ လုပ်ခဲ့ ကျော့မှူး။ ။ ဘ၀တိုင်း တသာကီရယ်၊ ပါရမီဆုထူး။ ညာမဒီ ချစ်ဦးနှင့်၊ ကျူးရင့်ကာ နှစ်ကိုယ်။ နိဗ္ဗာန်တိုင် စိတ်သန်မှု၊ ဓိဋ္ဌာန်ပြု တောင်းဆုပန်ဆို။ ။ သမ္ဘူလနုပျိုလို၊ ကုသိုလ်တော်တရားနှင့်။ လင်သားဝတ် ဤငါးဖြာ၊ မြဲပမကွာ။ ဖေချစ်တဲ့ ခင်ကညာရယ်၊ ရည၀ါ ခိုအောင်းစို့လေး။

(၆)
သလွန်တော် ဂမုန်းပွင့်မှာ၊ ကုံးဆင့်ဆင့် ပြုကာ။ အုံးစွင့်စွင့်နုစွာဝယ်၊ ယုဇနာ ရှိန်ကြွေ့။ ရွှေညဥ့်ရုံ လွန်ဆန်းပွေတယ်၊ ဇွန်ပန်းငွေ ဖြန်းရွေ့သိမ်မွေ့။ ။ အိပ်ရာတော် သတ်မွှေးထုံတယ်၊ နတ်သွေးလှုံဓလေ့။ မြတ်လေးငုံ အပြေ့နှင့်၊ ပြကတေ့မူရာ။ ခြင်ရံတော် တကယ်ဆန်းငယ်က၊ စပယ်ပန်း လှပ်လှပ်သာဖြာ။ ။ သဇင်ပန်း မုတ်သီဟာမှာ၊ ဇီဇ၀ါ တန်တိုင်းနှင့်။ ကသိုဏ်းကျ ဂန္ဓမာ တောင်ရံ၊ နှင်းရီမြကန်။ ။ ကျောက်စိမ်းမြ ဒီဃာရံကို၊ ညီလာခံ ကွန့်မယ်ပလေး။
***
အချုပ်တန်းဆရာဖေရဲ့ သံဝေဂ တေးထပ်တချို့ထဲမှာ တောထွက်တာတောင် အဖော်လေးနဲ့မှတဲ့။ အင်းလေ … ဒါကြောင့်လည်း သူတော်ကောင်း သူမြတ်လောင်းတွေအတွက် ပါရမီဖြည့်ဘက်က အရေးကြီးပေတာကိုး။ နိဗ္ဗာန်ကို တယောက်ထဲ သွားရမှာ ပျင်းတဲ့ အတောင်နှစ်ဆယ်ဝတ်တွေ ဆရာဖေ့ တေးထပ်လေးတွေ ဖတ်ပြီး ကျေနပ်နှစ်သက်ကြမယ် ထင်ပါရဲ့။


From မေဓါဝီ

ဖြစ်ရလေ

မောင်ကြီးနှမ ခိုင်သဇင်
ဘယ်ဆီများလဲ ဟင်။
ခေါင်းမှာ ရွက်လို့ ရေအိုးတင်
ရေခပ်သွားမယ်ရှင်။

ရေအိုးထမ်းလို့ လိုက်ခဲ့ချင်
လိုက်ရမလား ဟင်။
မောင်ကြီး မေတ္တာ ပန်းကိုဆင်
လက်ထပ်မလားဟင်။
မောင်ကြီးသဘော အတိုင်းပင်
နာယူပါ့မယ်ရှင်။

နှမလေးရဲ့ မွေးဖခင်
ဘာလုပ်စားမလဲ ဟင်။
ထွန်ထယ်ရုန်းလို့ လယ်ကွင်းပြင်
လယ်လုပ်စားတယ်ရှင်။
မောင်ကြီးနှမ ခိုင်သဇင်
ပစ္စည်းရှိလားဟင်။
နှမလေးရဲ့ အဆင်းပင်
ပစ္စည်းပါပဲရှင်။
သည်လိုဖြင့်လဲ ခိုင်သဇင်
မယူနိုင်ဘူးထင်။
ယူပါလို့များ ပျိုလေးခင်
ပြောဘူးလို့လားရှင်။ ။

ပွဲတွေ့ အမှား

ဟုတ်ပလေ၊နှုတ်ချွေဟရမှာဖြင့်၊ ပုဗ္ဗေစထင်လေရဲ့။ ။
ကောသလငယ်တို့၊ဘ၀အသရေလန်းပါတဲ့။
ရွှေနန်းစံ ရာနရိန်မှ၊ ခါချိန်တန် ပျက်စမြဲဟာမို့၊ စွဲမိသံဝေ၊ ။
အကုသိုလ် ဃာတကတ်ရယ်က၊ ယခုလိုလာလို့ ဖြတ်တာကြောင့်၊ ဇရပ်သို့ ပြေးရလေ၊ ခွေးသေလို့ သေရငြား။ ။
သိလျက်ပင်၊ ၀ိပါက်ကြမ္မာငင်ထင့်၊ ရွှေဥာဏ်ရင် မဝေခွဲနိုင်ဘု၊ ပွဲတွေ့ အမှား။ ။


ဦးပုည နောက်ဆုံးအချိန်အချုပ် ကျခံနေရချိန်မှာ ရေးထားသော ကဗျာဟုဆိုပါသည်။
မြင်းကွန်းမြင်းခုံတိုင် အရေးတော်ပုံတွင် အခါပေးသည်ဟုစစ်မေးတွေ့ ရှိသဖြင့်မြို့ ဝန်ဦးသာအိုးထံ အကျယ်ချထားစဉ် ၁၂၉၉-ခု၊နယုန်လတွင် ဦးသာအိုးက အငြိုးအတေးနှင့် အဆုံးစီရင်မှုကိုခံရသည်။
မင်းတုန်းမင်းကြားသိသောအခါ " လူကိုခွေးသတ်လေခြင်းဟုမိန့် တော်မူလေသည်။"

ဤကဗျာတွင် ဦးပုည၏ နောက်ဆုံးအချိန်ခံစားမှုကို ပေါ်လွင်စွာတွေ့ ရှိနိုင်ပေသည်။

သပြေနုချိန်

ဘဂ၀ါဘုရားစက်ပျံ နိဗ္ဗာန်ကောင်းကင် စခန်းပေပေါ့
ပါဒနက်သန် ဗိမာန်ကျောင်းသင်္ခမ်းတွင်မှ
ခအောင်း ကညင်သဖန်းငဲ့ပြင်
ထနောင်းပင် တစ်နန်းရယ်တဲ့ ၀နာက ဘယံအငူ

(အိုကွယ်) အပေါင်းဘ၀င်ချမ်းစေဖို့ 
အကောင်းတမင် မှန်းမှန်းပြီး
ဒေါင်းအဆင်ဆန်းတွေနဲ့  ပ၀ါအလံထူ။



(သြော်) ပြေအမှုပေမို့ 
ငွေခရုငယ်နှင့်
ဇေယျတုပါကွဲ့ 
သပြေနုချိန် တင်ရန်ပန်းတွေကလဲ များလိုက်ပါဘိသနှင့်
ဖေပုရှိန် အင်္ဂလန်နန်းမြေသွား တို့ မှာဖြင့်
အားမြောက်ဖွယ် ကြံလွယ်ဖန်လွယ်နှင့်
အန္တရာယ် ရန်စွယ်မောင်းတဲ့ပြင်
မြန်နယ်ကို ပြန်လွယ်ကြောင်းတွေနှင့်
ဆုတောင်းကာ ပတ္ထနာဆင်တဲ့ပြင်
ဆရာအရှင် မင်းရို့ ကိုရင်မှိုင်းမှာဖြင့်
လယ်ကိုင်းသူ အရွယ်သင့်တွေနဲ့ 
မယ်မြင့်ခေါ် ကေသာဝတီရဲ့ ပြင်
ခေမာထေရီ မေရီကြော့ကြော့ ရွှန်းတို့ နှင့်
မဟာအလုံ အညာမုံရွာ တစ်ဝှန်းငဲ့ပြင်
ဟံသာဒဂုံပါ စံရာသထုံကွန်းဆီက
လွမ်းရက်မမေ့သူတွေမှာနော်ကွယ်
ဆွမ်းသက်စေ့လှူ။

(သြော်) အရင်းညွှန်ရမှာဖြင့်
အခင်းဖြင့် လွန်ခဲ့ပေါ့
သတင်းချွန် မင်းမွန် တစ်ပါးပေပေါ့
အတွင်းဝန်တွေပါ ကင်းဝန်တို့ သွားစဉ်က
ခုများလောက် စခန်းလမ်း မကြည်ဖြူ
(အို) အရမ်းမညီသူတွေကဖြင့်
ကလက်တက်တက် ပျက်တက်တက်နဲ့ 
ရက်ရက်စက်စက် ပြည်တည်တည်ပြော
(မယ်မြင့်ရယ်) မန်းပြည်ဇမ္ဗူဟာလဲ
အပျက်သီသီစော။

န၀င်းကိုက်ပြီ
အင်းသိုက်စာ အခါညီလို့ မို့ 
မြန်မာပြည်သာမည်အကြောင်းတွေနဲ့ 
ရှေးဟောင်းကို နောင်ပြန်မဲ့
တဘောင်ထံ အစပ်တေးမှာတော့
မြတ်လေးနွယ် စွယ်တော်ချောင်းမှာလ
ဒေါင်းအိုးဝေ တွန်သံသာမှဖြင့်
မွန် မြန်မာ ဗဟို နဂို့ ရ်တွင်မှ
ပျို့ တို့ မောင် ၀ါဝါ၀တ်ကိုလ
ဒေါင်းခွပ်မည် ထင်ရည်မှန်းကြပေတော့
မန်းမြစ်ညာ တောင်တော်စောင်းတွင်မှ
ကမ္ဗဋ္ဌာန်းချစ်ရှာသူတွေပါ နောင်သော်ဖြင့်
ကောင်းကြပေလိမ့်
ဗွေကောင်းကင် ရေချောင်းတွင် ဘူမိန်ဦးမှာလ
နေစောင်းလျှင် ရွှေဒေါင်းသူရိန် မြူးပါလို့ 
တွန်ကျူးသံသာ တျေတျာပုံသို့ 
ကွန့် မြူးဖန်ဝါ " ကေကာ " စုံပေါ့
သေလာရဂုံ ၀နာ အလှည့်အစောင်းတွင်မှ
ဇေယျာဘုံသာတဲ့ကျောင်းဆီက
(အမယ်မင်း) ကောင်းအတိတ်နှင့် ကြောင်းနိမိတ်
ထွေရာ စောလိုက်တော့
သောင်းထိပ် ရွှေမြန်မာတစ်ကြောတွင်ဖြင့်
(အို မယ်စန္ဒာရဲ့ ) ဒေါင်းပရိတ်တော်ကြောင့်
ကောင်းဟိတ် ဇေယျာသော။

လေးချိုးကြီး သခင်ကိုယ်တော်မှိုင်း

အချစ်နဲ့အမုန်း

ချစ်တယ်ကြိုက်တယ်
ဆိုပေတယ်လို့ 
သေအောင်ပင်ဆုတောင်း
ကြောင်းဆုံမှပေါင်း။

မုန်းတယ်မုန်းတယ်
ဆိုပေတယ်လို့ 
သေအောင်ပင်ကျိန်ဆဲ
ကြောင်းဆုံမှကွဲ။ ။
အမည်မသိရှေးစာဆို

ကံတရားအကြောင်းကို ရေးဖွဲ့ ထားတဲ့ ကဗျာလေးတစ်ပုဒ်ပါ။
ကံအကြောင်းတရားဟာ နားလည်ရခက်ကြောင်း ရိုးရိုးရှင်းရှင်းနဲ့ ရှင်းလင်းထားတာပါ။
စာအနည်းငယ်နဲ့ ထိထိမိမိ ဖွဲ့ ထားနိုင်ပါတယ်။
မျိုးကျော့မြိုင်စကားနဲ့ ဆိုရရင်တော့

" ချစ်တိုင်းလည်းမညား၊ စကားကိုသာ တီးတိုးရေရွတ်မိကာ" ပေါ့....

လယ်စောင့်တဲ

မိုးရေတက်ရေ တစ်ဖွေးဖွေး
ကွင်းကျယ်တဝေးဝေး။

လယ်စောင့်တဲလေးခြေတံရှည်
မိုးကုပ်အောက်မှာနေ။

ကြာဖြူတစ်ပွင့် နီတစ်ပွင့်
တဲနှင့်ပနံသင့်။

မင်းသုဝဏ်

ဘ၀နဲ့အလှ

ဒီကဗျာလေးကတော့ ကျွန်တော်အရမ်းကြိုက်တဲ့ ကဗျာလေးတစ်ပုဒ် ပါ။

ဘ၀နဲ့ အလှ

မြင်မြင်သမျှ ဤလောက၀ယ်
အလှတို့ ဖြင့် ပြည့်ဘိ၏။

မြင်မြင်သမျှ၊ ဤလောက၀ယ်
အလှတို့ဖြင့်၊ ခြယ်သဖြင့်လည်း
မြင့်ခွင့်ရှိမှ၊ မြင်စွမ်းရ၏။

အလှဟူငြား၊ မြင်သည်ထားဦး
ခံစားသိတတ်၊ ခံယူတတ်မှ
ကျိုးမြတ်ပီတိ၊ ရင်ဝယ်ငြိ၏။

ဪ...
လူ့ ပြည်လောက၊ ရခဲစွကို
ရလှာဘ၀၊ တစ်ခဏ၀ယ်
အလှမမြင်၊ လှမမင်ပဲ
မြင်ရန်မဖွေ၊ ဖွေရန်မသိ
ငါဖြစ်ဘိမူ၊ ငါ၏ဘဝ
ထိုခဏသည်
မည်မျှရှုံးလိုက်လေမည်နည်း။ ။

မောင်စွမ်းရည်

အလှကိုမြင်နိုင်သိနိုင်ခံစားနိုင်ကြပါစေ။ ။

စံပယ်ငုံ

စံပယ်တဲ့ လေးရုံ။
မလေးကွယ် မပန်ထိုက်
ပန်းပြတ်ခိုက်ကြုံ။
အပွင့်ရယ်ကုန်
တစ်ငုံကျန်ပါသေးရဲ့ ၊
ပန်ချင်သူ ညိုနွဲ့ နှောင်း ရယ်၊
ခေါင်းဖြီးခဲ့ လေး။

အမည်မသိရှေးစာဆို

ကျွန်တော် ဖတ်ဖူးတဲ့ ကဗျာစာအုပ်တစ်အုပ်မှာပြောထားတဲ့ ဒီကဗျာဟာ အဓိပ္ပါယ်ဆင့်ပွားရှိတဲ့ အမျိုးအစားလို့ ပြောပါတယ်။ ကဗျာရဲ့ အဓိပ္ပါယ်ကတော့ဒီလိုပါ။

ဘုရားငါးဆူပွင့်မယ့် ဒီကမ္ဘာမှာ လေးဆူသောဘုရားတို့ ဟာပွင့်တော်မူပြီးဖြစ်ပါတယ်။ကဗျာမှာ " တစ်ငုံကျန်ပါသေးရဲ့ " လို့ ပြောထားတာကနောင်ပွင့်မည့် ဘုရားတစ်ဆူကို ဆိုလို တယ်လို့ ပြောထားပါတယ်။
နောင်ပွင့်တော်မူမယ့် အရိမေတ္တယျ ဘုရားကိုဖူးခိုက်ကြုံလိုလျှင် ဒါန၊သီလ၊ဘာဝနာတို့ ကို လေ့ကျင့်ကြပါလို့  " ပန်ချင်သူ ညိုနွဲ့ နှောင်းရယ် ခေါင်းဖြီးခဲ့ လေး။" လို့ ဖွဲ့ ဆိုထားတယ်လို့ ပြောပါတယ်။

သန်လျင်ကျိုက်ခေါက်စေတီတော်ကြီး ဆီသို့

ပွင့်ရောင်အပ ဖူးစညွန့် ကိုက်
ငုံလိုက်စဲစဲ ပုလဲသန္တာ
နီလာခြယ်နစ် တင့်ကြောင်းရစ်သို့ 
ရှင်ချစ်ရှိရာ ပန်းတကာလည်း
ကုံးလာရွှေစက် ထိမူးဆက်၏
ဘဝဂ်ရပ်သူ နတ်လူဝှန်ချောက်
ညွတ်ခရောက်သည် ကျတ်ခေါက်ကောင်းကင့်ထွတ်တင်သော ။

နတ်သျှင်နောင်

ဪ နတ်သျှင်သူ့ကြောင့် တရေးမှောင့်ခဲ့

မဟာစေတီ မွေသရီ၏
မြေညီခင်းပြန့်  တလင်းသန့် ဝယ်
နှင်းပန့် တပဲ ဝတ်ဖြူလဲနှင့် 
နန်းထဲ နန်းလေ့
သီမဝှေ့ ဘဲ
ချမ်းမြေ့ စိတ်ကြည်
ပီတိ ရည်ဖြင့်
ခိုင်တည် နှလုံး
တဖြောင့် သုံး၍
နှောင်ထုံး ကေမင်
လျှောဖြေ ချင်လည်း
နတ်သျှင် သူ့ ကြောင့်
တရေး မှောင့်ခဲ့ 
မဖြောင့်ပြန့်  လွင့် 
နှောင်ကြိုး ဝင့်သည်
လူ့ လင့်ငွေ မျက်ရည်တကား .."

ရာဇဓါတုကလျာ

ပြောလိုက်ပါဘိ ဟောပါဘိ

ငါ့ညီပြောင်ဝင်း၊မောင်သစ်ဆင်း
မင်း၏သက်လှယ၊်မင်းသားငယ်သည်
သက်နှစ်ဆယ်ပင်ပြည့်ခဲ့ပြီး။

သူသုံးနှစ်သား၊ဖော်ချင်းများနှင့်
အူယားဖားယား
ကစားရာမှ၊နွားရုပ်ချ၍
နတ်ကျသည့်သွင်၊မင့်ရင်ခွင်သို့ 
ပြေးဝင်ပုန်းလာ၊သူ့မူရာကို
ငါမြင်ခဲ့၏ ၊ မှတ်မိ၏။

မိုးကစိုစို ၊ ကျီးအုပ်ပြို၍
ထိုမှဤမှ ၊ တို့ လမ်းမတွင်
ပျံကြ၀ဲကြ၊ ငရဲထသို့
အုံကြွမြည်အာ၊ မသာယာကို
ငါကြားခဲ့၏ ၊ မှတ်မိ၏။

ထိုနေ့၌ပင် ထိုချိန်ထင်၏
သခင်အောင်ဆန်း ၊ ပြည်သူ့ ပန်းသည်
ပွင့်လန်းခါစ ၊ ကြွေလိုက်ရ၏။
မြေခသတင်း၊ မိုးကြိုးခွင်းသို့ 
အိမ်တွင်းအိမ်ပြင်၊ တို့ လမ်းခွင်၌
မချင်မရဲ၊ ၀မ်းနည်းခံခက်
မျက်စိမျက်နှာ၊ ညှိးကြရှာသည်
ရွာဦးပိုင်းမှ၊ သင်္ချိုင်းထိ။

င့ါညီပြောင်ဝင်း၊မောင်သစ်ဆင်း
မင်း၏သားငယ်၊နှစ်ဆယ်သက်စစ်
သူ တို့ ခေတ်၌၊တိုင်းချစ်ပြည်ခင်
မြတ်စေချင်၏။
မင်းမြင်ငါကြား၊ စကားဥဒါန်း
ဆန်း၏သတ္တိ၊ ဆန်း၏သမာဓိ၊ ဆန်း၏ပညာ
ဆန်းမှာဆုံပေါင်း၊ယောက်ျားကောင်းတို့ ၊ ခေါင်းဆောင်သဘော
မင့်သားချောကို၊ပြောလိုက်ပါဘိ၊ဟောပါဘိ။ ။

ဆရာဇော်ဂျီ

ဝါဆိုပွဲ

အမေဆိုဆဲ၊ ၀ါဆိုပွဲ
လှည်းကလေးနဲ့ ပြေးရအောင်။

ကုက္ကိုပင် မြန်မြန်ခုတ်
လှည်းလုပ်ပမောင်။

လှည်းလုပ်ရင်ကြာတော့မယ်
မဘုတ်ဆုံတင်ပဆုံကြီး
လှည်းလုပ်လို့ စီး။

မဲဇာတောင်ခြေ

မဲဇာတောင်ခြေ၊ စီးတွေတွေတည့်၊ မြစ်ရေ၀န်းလည်၊ မြိုင်တောဆီက၊ ရွှေပြည်ကိုသာ၊ တရှာတော့မိ၊ မိုးရှိရှိလျှင်၊ သီရိကျက်သရေ၊ တက်ဖြိုးဝေသား၊ အောင်မြေကြော့ကြော့၊ ကုန်းမော့မော့နှင့်၊ ဘိုးတော့်ကောင်းမှု၊ တည်ထားပြုသည်၊ ဇမ္ဗူ့ဆီမီး၊ ခြောက်ရောင်ညီးမျှ၊ ဂူကြီးသခင်၊ ရွှေလင်းပင်နှင့်၊ ရွှေခြင်္သေ့မွေ၊ စ၍ရေသော်၊ ရွှေစေတီကြီး၊ အသီးသီးတည့်၊ ပိတ်ဆီးခြယ်သန်း၊ လျှပ်ရောင်တန်းမျှ၊ ရွှေနန်းရွှေဘုံ၊ အလုံးစုံကို၊ အာရုံမျက်မြင်၊ ဖူးမြော်ချင်၍၊ သည်တွင်ရွှေမြို့၊ သည်သို့စေတီ၊ သည်ဆီရွှေနန်း၊ ဖြောင့်တန်းတော့မည်၊ စိတ်ကရည်သည်၊ ရွှေပြည်ဌာန ဝေးသောကြောင့် ။

သဲသာသောင်မြေ၊ မြစ်ကမ်းခြေလည်း၊ အကြေတပြင်၊ တို့အောက်ခွင်ဝယ်၊ ရေယဉ်ပတ်ဝန်း၊ ပျော်ဘွယ်ထွန်းလိမ့်၊ တကျွန်းလောက်ပင်၊ ဝေးမည်ထင်ခဲ့၊ စီးသွင်ညိုရစ်၊ မဲဇာမြစ်လည်း၊ ထစ်ထစ်ထွန်းဘိ၊ ချုံအတိနှင့်၊ တောကြီးဆိတ်ညံ၊ ဆည်းကျံကျံဝယ်၊ ဓူဝံမပေါ်၊ မမျှော်ပါရ၊ နေကိုတလည်း၊ ဘယ်ကရှေ့နောက်၊ ဘယ်တောင်မြောက်ဟု၊ တွေးထောက်မမှန်၊ ဖန်ဖန်အံ့သြ၊ ကြံတိုင်းမောစွ၊ ဘယ်တောဘယ်မြိုင်၊ မသိနိုင်ခဲ့၊ မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်းရှင့်၊ ကင်းစမ်းတောင်က၊ လေဦးစ၍၊ နောက်မှလေရှည်၊ အတည်တည်သည်၊ လေပြည်လာက အေးသောကြောင့်။

ပွဲခါညောင်ရေ၊ သွန်းမြဲပေတည်း၊ ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်၊ မဲဇာရပ်သူ၊ တောင်းဆုယူသည်၊ ရွှေဂူတော်နှင့်၊ ရှုတိုင်းတင့်သား၊ မိုးမြင့်သီခေါင်၊ မဲဇာချောင်က၊ တစ်တောင်လုံးမှိုင်း၊ စ၍ဆိုင်းသော်၊ တောင်တိုင်းရှက်၍၊ ၀န်းကာဝှေ့လည်း၊ တောင်ငွေ့ဝေေ၀၊ အထွေထွေနှင့်၊ လေလည်းရောရာ၊ မိုးမပါဘဲ၊ သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း၊ မိုးလောက်ပြင်းထန်၊ သွန်းချပြန်သော်၊ ယုဂန်ထင်ရှား၊ တောင်တော်ဖျားက၊ ရထားယာဉ်သာ၊ နေစကြာလည်း၊ ရောင်ဝါမထွန်း၊ ချမ်းရှာလွန်း၍၊ တည့်မွန်းချိန်နေ၊ ရောက်လွယ်စေဟု၊ စေ့ရည်လှည့်လည်၊ တလျက်မြည်သည်၊ နေခြည်ဖြာမှ နွေးသောကြောင့်။

ရတု

လက်ဝဲသုန္ဒရအမတ်

ခွင့်သာခိုက်ကမှမလိုက်ချင်လျှင်

ငါးအာရုံအင်အစု
ခင်မှုနှင့်နေ့ကုန်
နင်ယခုမေ့ ပုံလို
တွေ့မကြုံစခန်း။

ပါယ်လေးဝ သောကဘုံမှာ
မျောရရုံ ရှိတော့ခမန်း။

အောက်အ၀ီစိ သောင်းအငူမှာ
ခေါင်းမပြူစတမ်း။
နှစ်အရှည် နစ်မည်လမ်းကိုလ
နင်မျှော်စမ်း နင့်ကို။

ဒေသနာ ထင်အလင်းရယ်နှင့်
နင်အဖျင်း ပိုထက်သာပို။
ဒီလောဘ အမိုက်အိုကို
မလိုက်လို ရှောင်ပစ်လို့
နောင်အသစ် တကယ်ပြင်လျှင်
ကောင်းဖို့အစဉ်။

ခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်
အမိုက်နင့်ပြင် ရှိသေးလေလိမ့်မလား။
ခွင့်သာစဲကမှ မနွှဲချင်လျှင်
အလွဲနင့်ပြင် ရှိသေးလေလိမ့်မလား။
ခွင့်သာတုန်းကမှ မရုန်းချင်လျှင်
အရှုံးနင့်ပြင် ရှိသေးလေလိမ့်မလား။
(လယ်တီဆရာတော်)

ရဲခဲ့သည်ပါ့

မြစ်တန်းမှာတဲ့လေကြမ်းဆင်၊
ထန်လိုက်လေ လေမုန်တိုင်း
လှိုင်းကဘောင်ဘင်

တလှိုင်းထွက် တလှိုင်းဝင်၊ ဗေဒါခင် ဖြစ်နဲ၊
ရေလှိုင်းဗလပွေနဲ့
မုန်တိုင်းလေ ရေတရိုးမှာ၊ စိုးရွံမှာပဲ၊

မြစ်ရိုးမှာတဲ့ မိုးသက်ဆင်၊
လျှပ်ကြိုးပျံ မိုးသံထစ်၊ မိုးစစ်ဘုရင်၊
မိုးညစ်လို့ မြစ်မမြင်၊ ဗေဒါခင် ဖြစ်နဲ၊
ရေလှိုင်းဗလပွေနဲ့
မုန်တိုင်းလေ ရေတရိုးမှာ စိုးရွံမှာပဲ၊

စိုးမရွံ တွန့်မတုန်၊
မိုးနှင့်လေ ရေရှုပ်ထွေး၊ ရွေးမျှမဖြုံ ၊
ဆန်လိုက်ပြန်တုံ ၊ စုန်လိုက်ပြန်ရ
ခေါက်ပေါင်းမရေနိုင်လို့
ဗေဒါခိုင် သည်မြစ်ထဲ၊ရဲခဲ့သည်ပေါ့။ ။

ဗေဒါလမ်းကဗျာ

ညိုပြာပြာ၊ လတာပြင်ခြေရင်း။
လှိုင်းတက်ရာဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရလည်းမသက်သာ။
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့ လာ။
အဆင်းနဲ့ အလာ၊ ဗေဒါမအထွေး။
အုန်းလက်ကြွေ သူ့ နံဘေး၊ ဆောင့်ခဲ့ ရသေး။
ဆောင့်ခဲ့လည်းမသက်သာ။
နောက်တစ်ချီဒီတစ်လုံး က၊ဖုံးလိုက်ပြန်ပါ။
မြှုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ။
တစ်လံကွာ လှိုင်းအကြွပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လည်းမသက်သာ။
ချောင်းအစွယ် မြောင်းငယ်ထဲ က ဘဲထွက်လို့ လာ။
ဘဲအုပ်မှာတစ်ရာနှစ်ရာ၊ ဗေဒါကတစ်ပင်တည်း။
အယက်အကန်ခံလို့ 
ဗေဒါပျံ အံကိုခဲ၊ပန်းပန်လျက်ပဲ။ ။

(ဆရာ)ဇော်ဂျီ

အလှရှိရာ

အလှရှိရာ၊ သွားချင်ပါဟု
ခါခါမြည်တမ်း၊ သို့ ရော်ရမ်း၍
စိတ်ဝမ်းမသာ၊ ရှိသည်တကား။

သူ့ ရွာသူ့ပြည်၊ သာလှသည်တည့်
စည်ပင်ချမ်းမြ၊ ၀ပြောစွဟု
ကြားရတိုင်းသာ၊ လှမြေချာသို့ 
သွားပါလိုမိ၊ နေမထိခဲ့။

ဤယနေ့သော်
ချမ်းမြေ့ကြည်လင်၊ စိတ်ဝယ်ရွှင်တည့်
မြေပြင်ကျယ်ဝန်း၊ လယ်ယာခင်းနှင့်
အင်းအိုင်မြစ်ချောင်း၊ ရှုမညောင်းတည့်
တောင်စောင်းတောင်ထိပ်၊ စေတီရိပ်ဝယ်
ဆွေမိတ်တူဆုံ၊ ဖူးရတုံသော်
အာရုံသန့် စင်၊ ကြည်ဘ၀င်နှင့်
မိခင်မြေမြ၊ သာလေစွဟု
နှုတ်ကဖန်ဖန်၊ ဆိုမိသံသည်
မိုးယံပဲ့တင် ထပ်လိမ့်တည်း။

သူ့ ရွာသူ့ပြည်၊ သာမောသည်ဟု
နှုတ်ရည်စကား၊ ဘယ်သို့ကြားလည်း
ငါကား မတုန်လှုပ်ပြီတကား။ ။

ခေတ်စမ်းလင်္ကာ ငွေတာရီ(၁၉၅၇)



ကျွန်တော်အနှစ်သက်ဆုံး ကဗျာတစ်ပုဒ် ဖြစ်ပါတယ်။ ဖွဲ့ ထားပုံနှင့် ကာရံယူထားပုံ ရိုးရှင်းသည့် အတွက်လည်း ဖတ်ရသူအဖို့လွယ်ကူစွာနားလည်နိုင်ပါတယ်။

နိုင်ငံရပ်ခြားတွင် ရှိကြကုန်သော ညီအစ်ကိုမောင်နှမများခင်ဗျား...

ကျွန်တော်တို့တစ်တွေသည် တိုင်းတစ်ပါးဝယ် ရောက်ရှိနေပေသော်ငြားလည်း မိမိတို့ အားမွေးဖွားပေးရာ မိခင်နိုင်ငံအား မေ့ကာသွားသင့်ပေ။ အကြောင်းမသင့်၍သာ ယခုအခါ ၀ယ် အမိပြည်အား တိမ်တိုက်မည်းများ ဖုံးလွှမ်းနေခြင်းဖြစ်၏။ သို့ သော်လည်း အမိပြည်အား ပစ်ကာမထားကြရန်ပြောကြားလိုပါသည်။ ကမ္ဘာ့မြေပုံ ပေါ်ကြည့်ရှုပါလော့ ...ဒေါင်းမလေး ကနေ ဟန်တည်ရှိနေသည့် ကျွန်တော်တို့နိုင်ငံကဲ့သို့လှပသော နိုင်ငံအား ဘယ်မှာရှာနိုင်မည်နည်း။ ပြည်သူအများကိုပင်ကြည့်ပါလေ။ တစ်ခြားသူများနှင့်မတူခြင်းကား ကျွန်တော်တို့မျက်နှာများသည် ယခုချိန်ဝယ် ဒုက္ခဆင်းရဲများနှင့် ကြုံတွေ့ နေသော်ငြား အပြုံးများနှင့်ပြည့်နှက်နေခြင်းဖြစ်၏။ ဟန်ဆောင်ပန်ဆောင် ပြုံးထားခြင်းမဟုတ် ပင်ကိုယ်သဘာဝ ဖော်ရွေတတ်သည့်သဘောကိုပြသနေခြင်းသာဖြစ်ပါ သည် ။ အားနာတတ်ခြင်း၊ ဖော်ရွေတတ်ခြင်း နှင့်ဟန်ဆောင်မှု ကင်းခြင်း သည် ကျွန်တော်တို့ လူများ၏ပင်ကိုဂုဏ်ပင်ဖြစ်သည်။ ဘုရား၊ တရား အား ရိုသေကိုင်းရှိုင်းမှု သရုပ်သကန် အား တောင်စောင်းတောင်ထိပ် ၀ယ်ကိန်းဝပ် စံပယ်နေကြကုန်သော ပုထိုးစေတီများအား သက်သေထားပြောကြားနိုင်ပေသည်။ ဤသို့ လှပစွာ တည်ရှိသော အမိပြည် အားကျွန်တော်တို့ လူများပင် ပြုပြင်လိုစိတ်မရှိသော် မည်သူကလုပ်ဆောင်ပါမည်နည်း။ သူ့ ရွာသူ့ ပြည်၏ ဓလေ့စရိုက်ဝယ် မိန်းမောမနေ ပဲ အမိမြေအား ကမ္ဘာ အလယ်တွင် ဂုဏ်ဝင့်နိုင်အောင် ကျွန်တော်တို့ ကိုယ်တိုင်ပင်လုပ်ဆောင်သင့်ပါသည် ဟု တိုက်တွန်းမိပါသည်။

"အာရုံသန့် စင် ကြည်ဘ၀င်နှင့်
မိခင်မြေမြ သာလေစွဟု
နှုတ်ကဖန်ဖန် ဆိုမိသံသည်
မိုးယံပဲ့တင် ထပ်လိမ့်မည်။"

(ရေးရင်းနဲ့ စကားပြေလို ဖြစ်သွားလို့  တစ်ခုလုံးကို ဒီပုံစံ အတိုင်းရေးလိုက်တာပါ...)

ရွှေဗဟိုရ်စည်

ရွှေဗဟိုရ်စည်သံများကိုလ
မကြားရကြာချေပြီ
လေးလရာသီ။

တိုင်းဋ္ဌာနီ
မဟုတ်ကယ်ပါပြီ လို့ 
ကြက်သံကိုဗဟိုပြုရတယ်
တောသူ့ ရွာမို့ ။ ။